ဘေဘီလုံ အင်ပါယာအကြောင်း သိကောင်းစရာ 622

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် က ကမ္ဘာ့ပထမဆုံးအင်ပါယာဖြစ်တဲ့ Akkadian အင်ပါယာ ကျရှုံးပျောက်ကွယ်ပြီးတဲ့နောက်မှာ အင်ပါယာ အသစ်နှစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ကတော့ တောင်ဘက်မှာ ဘေဘီလုံအင်ပါယာ နဲ့ မြောက်ဘက်မှာ အဆီးရီးယန်းအင်ပါယာ တို့ ဖြစ်ပါတယ်။

ဘေဘီလုံမြို့ကိုတော့ ဘီစီ ၁၈၉၄ ကာလမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဘေဘီလုံဟာ မက်ဆိုပိုတေးမီးယားဒေသမှာ မြို့ပြနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ကြာအောင် ရပ်တည်ခဲ့ပါတယ်။ Akkadian အင်ပါယာ ကျရှုံးခဲ့စဉ်ကတော့ ဘေဘီလုံဟာ အမိုရိုက်တွေရဲ့ လက်အောက်ကို ကျရောက်ခဲ့ပါတယ်။

ဘေဘီလုံ တန်ခိုးထွားလာခြင်း နဲ့ ဟမ်မူရာဘီ ဘုရင်

Babylon ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာစကားနဲ့ဖြစ်ပြီး မူလ ဘေဘီလိုနီးယန်းတွေပေးထားတဲ့ အဓိပ္ပါယ်က နတ်ဘုရားရဲ့ဂိတ်တံခါး gate of the god ဆိုပြီးဖြစ်ပါတယ်။ ဘေဘီလုံမြို့ဟာ ၃.၅ စတုရန်းမိုင် ကျယ်ဝန်းခဲ့ပါတယ်။

ဒီမြို့ရဲ့ဘုန်းတန်ခိုးကို မြင့်တက်စေခဲ့တဲ့ အချိန်ကတော့ ဘီစီ ၁၇၉၂ ၊ ဟမ်မူရာဘီ ဘုရင် အုပ်ချုပ်တဲ့ ကာလမှာ ဖြစ်ပါတယ်။ ဟမ်မူရာဘီဟာ ဘေဘီလုံကို မြို့တမြို့ထက်သာမက အင်ပါယာတခုအဖြစ် ချဲ့ထွင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘေဘီလုံမှာ ဟမ်မူရာဘီ ဘုရင်စအချိန်မှာတော့ ဘေဘီလုံကို ခံတပ်မြို့အဖြစ် စတင်တည်ဆောက်ခဲ့ပါတယ်။ မြို့ပတ်ပတ်လည် မှာ စစ်ဘက်ဆိုင်ရာ တံတိုင်း အခြေခံ အဆောက်အအုံများကို ဆောက်လုပ်စေခဲ့ပါတယ်။ မြို့ကို အခိုင်အမာ တည်ဆောက်ပြီးချိန်မှာတော့ ဟမ်မူရာဘီဟာ ဘေဘီလုံကို စတင်ချဲ့ထွင်ခဲ့ပါတယ်။

မတ်ဆိုပိုတေးမီးယား ဒေသတွင်းက အခြားမြို့ပြနိုင်ငံတွေကို တခုပြီးတခု သိမ်းယူလာခဲ့ပါတယ်။ နှစ်အနည်းငယ် အတွင်းမှာပဲ တောင်ဘက်က မြို့ပြနိုင်ငံတွေသာမက မြောက်ဘက်မှာရှိတဲ့ အဆီးရီးယန်း နယ်မြေအများစုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘေဘီလုံမြို့တော်

ဟမ်မူရာဘီလက်ထက်မှာ ဘေဘီလုံမြို့ဟာ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံးမြို့တမြို့ဖြစ်ခဲ့ပါတယ်။ ယူဖရေးတီးမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ ဒီမြို့ဟာ အဓိကကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့ရုံသာမက အိုင်ဒီယာအသစ်အဆန်းတွေ ထုတ်ကုန်အသစ်တွေ ထွက်ရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဘေဘီလုံဟာ အဲဒီအချိန်က ကမ္ဘာပေါ်မှာ အကြီးဆုံးမြို့ဖြစ်ခဲ့ပြီး အထွန်းတောက်ဆုံးအချိန်မှာ လူဦးရေ ၂ သိန်းထက်မနည်း နေထိုင်တဲ့မြို့ကြီးဖြစ်ခဲ့ပါတယ်။

မြို့ရဲ့အလယ်မှာတော့ ziggurat လို့ခေါ်တဲ့ ဘုရားကျောင်းကြီးတခု ရှိခဲ့ပါတယ်။ ဒီဘုရားကျောင်းဟာ ပိရမစ်တွေလို ကြီးမားတဲ့ အဆောက်အဦးကြီးဖြစ်ကာ လှေကား ၊ အမိုးအဆင့်များနဲ့အတူ ထိပ်ပိုင်းမှာတော့ အမိုးပြား အဆောက်အအုံငယ်တခု ထပ်ဆင့် တည်ရှိနေပါတယ်။

ဘုရားကျောင်းအဆောက်အအုံကြီးရဲ့ အမြင့်ဟာ ပေ ၃၀၀ ခန့် ရှိခဲ့ပြီး မြို့ဂိတ်တံခါးပေါက်တွေကနေ လမ်းကျယ်ကြီးတွေကို ဒီဘုရားကျောင်းကြီးအထိ ဖောက်လုပ်ထားပါတယ်။ အဲဒီခေတ်ကာလက ဥယျာဉ်တွေ ၊ နန်းတော်တွေ ၊ တာဝါတွေ နဲ့ အနုပညာအရပ်ရပ်ကြောင့် ဒီမြို့ဟာ အလွန်ကျော်ကြားခဲ့ပါတယ်။

ဒီမြို့ဟာ ဘေဘီလုံအင်ပါယာရဲ့ ယဉ်ကျေးမှုဗဟိုချက်မြုပ်ဖြစ်သလို အနုပညာ ၊ သိပ္ပံ ၊ တေးဂီတ ၊ သင်္ချာ ၊ နက္ခတ်တာရာ နဲ့ စာပေ စတဲ့ ပညာရပ်ပေါင်းများစွာ ထွန်းကားရာမြို့ကြီးလည်း ဖြစ်ခဲ့ပါတယ်။

ဟမ်မူရာဘီဘုရင်ကို ယနေ့ထိတိုင် ကျော်ကြားစေခဲ့တဲ့ အရာကတော့ ဟမ်မူရာဘီကိုယ်ဓဥပဒေ ကျောက်တိုင် ဖြစ်ပါတယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းလို့ ထင်ရှားတဲ့ ဒီကျောက်တိုင်မှာ ဥပဒေပေါင်း ၂၈၂ ချက် စာကြောင်းပေါင်း ၄၀၀၀ ခန့် ပါဝင်ပါတယ်။

ဘေဘီလုံမှာ ဟမ်မူရာဘီ ဘုရင် အုပ်ချုပ်ခဲ့တဲ့ စနစ်ကို ဖော်ပြနေတဲ့ ဒီကျောက်တိုင်ဟာ လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့က Louvre ပြတိုက်မှာ ရှိနေပါတယ်။

ဟမ်မူရာဘီ ဘုရင်လက်ထက်မှာ ဘေဘီလုံဟာ အင်အားအကြီးဆုံး အင်ပါယာတခုဖြစ်ခဲ့ပေမယ့် သူ့ကို ဆက်ခံတဲ့ သားဖြစ်သူကနေ စလို့ အခြားဘုရင်တွေလက်ထဲရောက်ချိန်မှာတော့ အင်ပါယာကို နိုင်နင်းစွာ မအုပ်ချုပ်နိုင်ခဲ့ပါဘူး။

မအုပ်ချုပ်နိုင်ခဲ့တဲ့အပြင် နယ်မြေတော်တော်များများကိုလည်း အခြားနိုင်ငံတွေလက်ထဲ ဆုံးရှုံးခဲ့ရပါတယ်။ ဟမ်မူရာဘီ မရှိတော့တဲ့နောက် ၅ ဆက်မြောက်မင်း အရောက် ဘီစီ ၁၅၉၅ မှာတော့ ပထမ ဘေဘီလုံဟာ အနာတိုလီးယန်းလူမျိုးစုတစုဖြစ်တဲ့ ဟစ်တိုက်တွေရဲ့ လက်အောက်ကို ရောက်ရှိကာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဒုတိယ ဘေဘီလုံအင်ပါယာ

ဒုတိယ ဘေဘီလုံအင်ပါယာလို့ခေါ်တဲ့ Chaldean အင်ပါယာကတော့ ဘီစီ ၆၂၆ ကာလမှာ ပြန်လည်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဘုရင် Nabopolassar က အဆီးရီးယားတို့ကို တွန်းလှန်တိုက်ခိုက်ကာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

သားဖြစ်သူ ဘုရင် Nebuchadnezzar II လက်ထက်မှာတော့ ဘေဘီလုံဟာ ပြန်လည်ထွန်းတောက်ခဲ့ပြန်ပါတယ်။ သူဟာ အလွန်တော်တဲ့ စစ်ဗိုလ်ချုပ်တယောက်လည်း ဖြစ်ပြီး သူ့လက်ထက်မှာ အရှေ့အလယ်ပိုင်း နယ်မြေအများစုကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

ဘေဘီလုံမြို့မှာ ဘုရားကျောင်းများပြုပြင်ခြင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။ ရှေးခေတ်ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲမှာ ၁ ခု အပါအဝင်ဖြစ်တဲ့ ဘေဘီလုံမိုးပျံဥယျာဉ်ကိုလည်း သူ့လက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အထပ်အဆင့်ဆင့် တည်ဆောက်ထားတဲ့ ဒီမိုးပျံဥယျာဉ်ဟာ ၇၅ပေ ခန့်မြင့်ပြီး သစ်ပင် ၊ ပန်းမန်များစွာနဲ့ အလွန်လှပခမ်းနားခဲ့တယ် လို့ ဆိုပါတယ်။

ဒီအချိန်မှာတော့ ဘေဘီလုံမြို့ဟာ ဟမ်မူရာဘီလက်ထက်ကလိုပဲ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ စည်ကားတဲ့မြို့တမြို့ ပြန်ဖြစ်ခဲ့ပါတယ်။ Nebuchadnezzar II ဟာဘေလီလုံကို နှစ်ပေါင်း ၄၃ နှစ်ကြာ အုပ်ချုပ်သွားခဲ့ပါတယ်။

Nebuchadnezzar II နောက်ပိုင်း ဘုရင်တွေလက်ထက်မှာတော့ ဘေဘီလုံရဲ့ တန်ခိုးသြဇာဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ၆ ဆက်မြောက်ဘုရင်လက်ထက် ဘီစီ ၅၃၉ ကာလမှာတော့ ပထမဆုံး ပါရှန်း အင်ပါယာကို တည်ထောင်သူ မဟာဆိုင်းရပ်စ် က ဘေဘီလုံကို သိမ်းယူလိုက်ပါတော့တယ်။

ဘေဘီလုံကို စစ်ဘုရင်အလက်ဇန္ဒားကလည်း သိမ်းပိုက်ခဲ့ပြီး သူနတ်ရွာစံတော့ ဘေဘီလုံမြို့က Nebuchadnezzar II နန်းတော်မှာ ဖြစ်ပါတယ်။

ပထမ ဘေဘီလုံအင်ပါယာဟာ နှစ်ပေါင်း ၃၀၀ ခန့် တည်တံ့ခဲ့ပေမယ့် ဒုတိယ ဘေဘီလုံအင်ပါယာရဲ့သက်တမ်းကတော့ ၈၇ နှစ်သာ ကြာမြင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘေဘီလုံမြို့မှာ ဆက်လက်နေထိုင်သူတွေ ရှိခဲ့ပေမယ့် အေဒီ ၁၀၀၀ ခန့်အချိန့်မှာတော့ လူသူကင်းမဲ့တဲ့ စွန့်ပစ်မြို့တမြို့ဖြစ်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ဘေဘီလုံမြို့ဟောင်းဟာ အီရတ်မြို့တော် ဘဂ္ဂဒတ် ရဲ့တောင်ဘက် ၅၃ မိုင်ခန့်အကွာမှာ တည်ရှိနေပါတယ်။

ဘေဘီလုံမြို့ဟောင်းဟာ နှစ်ပေါင်းများစွာပျောက်ကွယ်နေခဲ့ပြီး ၁၇ ရာစုမှာမှ အီတလီခရီးသွား Pietro Della Valle က ပြန်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဘေဘီလုံမြို့ဟောင်းဟာ ယူနက်စကိုရဲ့ ရှေးဟောင်းကမ္ဘာ့အမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

crd to thuthazone

Related Posts