လီဆိုသိုနိုင်ငံ အကြောင်း သိကောင်းစရာ 622

လီဆိုသိုနိုင်ငံရဲ့ အမည်အပြည့်အစုံမှာ လီဆိုသိုဘုရင့်နိုင်ငံ (The Kingdom of Lesotho) ဟုခေါ်ပြီး ရှေးယခင်က ဘဆူတိုလန်း(Basutoland) လို့ခေါ်ဆိုကြပါတယ်။

ဗြိတိသျှ ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ နီးပါးအကြာ ၁၉၆၆ ခုနှစ်မှ လွတ်လပ်ရေးရရှိခဲ့ပါတယ်။( မြန်မာလို လီဆိုသို လို့ ရေးလေ့ရှိပေမယ့် တကယ့်အသံထွက်အမှန်က လဆူးတို luh·soo·too ဖြစ်ပါတယ်)

လီဆိုသိုဟာ ကမ္ဘာပေါ်မှာ အခြားနိုင်ငံတခုရဲ့ ပိုင်နက်ထဲ လုံးဝကျရောက်နေတဲ့ နိုင်ငံ ၃ နိုင်ငံထဲက ၁ နိုင်ငံဖြစ်ပါတယ်။ လီဆိုသိုနိုင်ငံတခုလုံးဟာ တောင်အာဖရိကနိုင်ငံရဲ့နယ်မြေထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အခြားနိုင်ငံ ၂ ခုကတော့ အီတလီနိုင်ငံထဲမှာ ရှိနေတဲ့ ဗာတီကန်စီးတီး နဲ့ ဆန်မာရီနို နိုင်ငံတွေဖြစ်ပါတယ်။

လီဆိုသိုဟာပင်လယ်ထွက်လမ်းမရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် လီဆိုသိုအပါအဝင် ပင်လယ်ထွက်ပေါက်မရှိသည့်နိုင်ငံပေါင်း ၄၉ နိုင်ငံရှိပါတယ်။

ထိုကဲ့သို့ပင်လယ်ရေထွက်ပေါက်မရှိသည့်အတွက် နိုင်ငံအများစုကတော့ စီးပွားရေးအခက်အခဲများနဲ့ရင်ဆိုင်နေရပါတယ်။

ဧရိယာ ၊ လူဦးရေ နဲ့ မြို့တော်

နိုင်ငံရဲ့အကျယ်အဝန်းကတော့ စတုရန်းမိုင် ၁၁၇၂၀ ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၁၃၇ ခု မြောက် အကြီးဆုံး နိုင်ငံဖြစ်ပါတယ်။

လူဦးရေ စုစုပေါင်း ၂.၁ သန်းခန့်သာ ရှိပြီး သိပ်သည်းဆ အနေနဲ့ကတော့ တမိုင်ပတ်လည်မှာ ၁၇၆ ဦး ခန့်သာ နေထိုင်ပါတယ်။ ရုံးသုံးဘာသာစကား ၂ မျိုးရှိပြီး ဆက်ဆိုသိုဘာသာစကား နဲ့ အင်္ဂလိပ် ဘာသာစကား တို့ ဖြစ်ပါတယ်။

နိုင်ငံရဲ့မြို့တော် နဲ့ အကြီးဆုံးမြို့က မာဆီရူး Maseru မြို့ ဖြစ်ပါတယ်။ မာဆီရူးမြို့ဟာ ၅၃ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၃ သိန်းကျော် နေထိုင်တဲ့မြို့ဖြစ်ပါတယ်။

၁၈၆၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့တဲ့မြို့ဖြစ်ပြီး ဆက်ဆိုသိုဘာသာစကား နဲ့ ဆိုရင် ဒီမြို့ရဲ့ အဓိပ္ပါယ်က “အနီရောင် သဲကျောက်တုံးများ” ဖြစ်ပါတယ်။

မြို့တော်က လွဲလို့ ကျန်တဲ့ မြို့တွေမှာ လူဦးရေ ၇ သောင်းဝန်းကျင်သာ အများဆုံးရှိတတ်ပြီး ထင်ရှားတဲ့မြို့တွေကတော့ Teyateyaneng ,Maputsoe, Mohale’s Hoek နဲ့ Mafeteng မြို့တွေဖြစ်ပါတယ်။

သမိုင်းကြောင်း

လီဆိုသို နိုင်ငံနေရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၄သောင်းခန့်ကတည်းက လူတွေနေထိုင်ခဲ့တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် လီဆိုသိုနိုင်ငံရဲ့ သမိုင်းကြောင်းကတော့ အရမ်းမရှည်လျားပဲ နိုင်ငံအဖြစ် ၁၈၂၂ ခုနှစ်မှ ဘုရင် Moshoeshoe I က စတင်တည်ထောင်ခဲ့တာပါ။

အဲဒီတုန်းက နိုင်ငံအမည်က Basutoland ဖြစ်ပါတယ်။ ၁၈၃၄ ခုနှစ်မှာတော့ ဘိုးဝါးတွေဟာ ဒီနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် စစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဘိုးဝါးတွေရဲ့ ကျူးကျော်မှုကို မထိန်းနိုင်တော့တဲ့အဆုံး ၁၈၆၈ ခုနှစ် က စလို့ ဗြိတိသျှ အစောင့်အရှောက်ခံနယ်မြေ တခု ဖြစ်သွားခဲ့ပါတယ်။

ဒီနိုင်ငံဟာ ၁၈၇၁ ခုနှစ်က စလို့ ဗြိတိသျှတို့ရဲ့ Cape ကိုလိုနီနယ်မြေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဗြိတိသျှတို့က နှစ်ပေါင်း ၁၀၀ နီးပါး သိမ်းပိုက်ထားခဲ့ပြီး ၁၉၆၆ ခုနှစ်မှာတော့ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ လီဆိုသို ဘုရင့်နိုင်ငံ ဆိုပြီး ဖြစ်လာပြီး ဘုရင် Moshoeshoe II က ပြန်လည် အုပ်ချုပ်ခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ လီဆိုသိုရဲ့ နိုင်ငံရေးဟာ အလွန်ရှုပ်ထွေးခဲ့ရပြီး ၂၀၀၀ ခုနှစ်ဝန်းကျင်အထိ အာဏာခွဲဝေမှု နဲ့ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ လီဆိုသိုကို တပြည်ထောင် ပါလီမန် စည်းမျဉ်းခံ ဘုရင်စနစ်နဲ့ အုပ်ချုပ်လျက်ရှိပြီး ဘုရင်က Letsie III ဖြစ်ကာ အစိုးရအကြီးအကဲဝန်ကြီးချုပ်က Moeketsi Majoro ဖြစ်ပါတယ်။

ပထဝီဝင်

လီဆိုသိုဟာ တောင်ကုန်းတောင်တန်း အလွန်ထူထပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြေမျက်နှာသွင်ပြင်အရ မြစ်ကမ်းဒေသ ၊ ကုန်းမြင့်ဒေသ နဲ့ တောင်ကုန်းဒေသ ဆိုပြီး ၃ ပိုင်း ပိုင်းခြားနိုင်ပါတယ်။

လီဆိုသိုမှာ မြစ်အနည်းငယ်ပဲ ရှိပေမယ့် ဒီမြစ်တွေကိုပဲ စီးပွားရေး နဲ့ ရေအားလျှပ်စစ်အတွက် အဓိက အားကိုးနေရပါတယ်။ အရှည်ဆုံးမြစ်ကတော့ Orange မြစ်ပြီး အလျား ၁၄၀၀ မိုင် ရှည်လျားပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတွေထဲမှာ အမြင့်ဆုံးနိုင်ငံတစ်ခုလို့ ဆိုရမှာပါ။ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၈၀၀ (၅၉၀၆ ပေ) အမြင့်မှာတည်ရှိပါတယ်။

သူ့ထက်မြင့်တဲ့ တိုင်းပြည်တွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမယ့် လီဆိုသိုရဲ့ အနိမ့်ဆုံးနေရာဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀၀ ( ၄၅၉၃ ) ပေမြင့်နေတာကတော့ ဒီနိုင်ငံရဲ့ ထူးခြားချက်ပါ။

စီးပွားရေး

ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အတွက် လီဆိုသိုရဲ့ စီးပွားရေးဟာ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ထုတ်လုပ်ရေး နဲ့ သတ္တုတူးဖော်ရေးတို့ပေါ်မှာပဲ မှီတည်နေရပါတယ်။

နိုင်ငံဝင်ငွေရဲ့ ၃ပုံ ၂ ပုံက စိုက်ပျိုးရေးက ရရှိနေတာဖြစ်ပြီး အခြားလုပ်ငန်းများအနေနဲ့ကတော့ အစားအစာ ၊ အဖျော်ယမကာ ၊ ချည်မျှသ် ၊ လက်မှုပစ္စည်း ၊ ဆောက်လုပ်ရေး နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ လီဆိုသိုနိုင်ငံသား တဦးချင်းစီရဲ့ ပျမ်းမျှ GDP ကတော့ အမေရိကန်ဒေါ်လာ ၁၁၇၈ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်နိမ့်ကျပေမယ့် အာဖရိကနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ မဆိုးဘူးလို့ ပြောလို့ ရတဲ့ အနေအထားပါ။ Lesotho loti ငွေကြေးစနစ်ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၁၄.၇၅ Loti နဲ့ ညီမျှတာကြောင့် ငွေကြေးတန်ဖိုး မနိမ့်တဲ့နိုင်ငံ လို့ ဆိုရမှာပါ။

ပညာရေး ၊ ကျန်းမာရေး

လီဆိုသိုရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းက ၇၆.၆% ဖြစ်ပြီး ဒါဟာ အာဖရိကမှာတော့ စာတတ်မြောက်မှု အများဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နိုင်ငံမချမ်းသာပေမယ့် အစိုးရအနေနဲ့ ပညာရေးကို အထူးအားပေးပြီး နိုင်ငံ့ဝင်ငွေစုစုပေါင်းရဲ့ ၁၂% ကို ပညာရေးကဏ္ဍမှာ အသုံးပြုပါတယ်။

Lerotholi Polytechnic နဲ့ Limkokwing ဖန်တီးမှုနည်းပညာ လိုတက္ကသိုလ်တွေ ရှိနေတဲ့အပြင် လီဆိုသို အမျိုးသားတက္ကသိုလ်မှာလည်း ကျောင်းသားပေါင်း ၁သောင်းခန့် တက်ရောက်လျက်ရှိပါတယ်။

လူနေမှုအဆင့်အတန်း နိမ့်ကျလျက်ရှိတဲ့ လီဆိုသို ရဲ့ ကျန်းမာရေး ကဏ္ဍကတော့ အလွန်ဆိုးရွားလျက်ရှိပါတယ်။ ကမ္ဘာပေါ်မှာ အိတ်ချ်အိုင်ဗီ ဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်စာရင်းအရ ဒီနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ၅၂ နှစ်သာ ရှိနေပါတယ်။

လီဆိုသိုရဲ့ စိတ်ဝင်စားစရာ အချက်တချို့

လီဆိုသိုရဲ့အဓိပ္ပာယ်မှာ ” ဆက်ဆိုသိုဘာသာစကားပြောသူများနေထိုင်ရာ “လို့အဓိပ္ပာယ် ရပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၉၉.၇% က ဆိုသိုလူမျိုး(Basotho) တွေသာ ဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု အနေနဲ့ကတော့ လူဦးရေရဲ့ ၉၂% ကျော်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ပြီး ရိုးရာယုံကြည်မှုကိုးကွယ်သူ ၆% ကျော် နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ် နေထိုင်ပါတယ်။

ယူနက်စကိုမှာ ယူနက်စကို အမွေအနှစ်တခုရှိပြီး ဒါကတော့ သဘာဝဆိုင်ရာ အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ Maloti-Drakensberg ဥယျာဉ်နယ်မြေဖြစ်ပါတယ်။ နိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသမှာ တည်ရှိတဲ့ ဒီဥယျာဉ်နယ်မြေဟာ အလွန်ကျယ်ဝန်းပြီး ၉၆၂ စတုရန်းမိုင် ရှိပါတယ်။ ဒီအထဲမှာတော့ တောင်ကုန်း ၊ ရေတံခွန် ၊ ရေကန် ၊ ကျောက်ဆောင်တွေ ၊ အပင်တွေ နဲ့အတူ ကျေးငှက် တိရစ္တာန်များစွာ ရှိနေပါတယ်။

လီဆိုသိုဟာ ဒိုင်နိုဆောရဲ့အမည်လည်းဖြစ်ပါတယ်။ လက်ဆိုသိုဆောရက်လို့ခေါ်တဲ့ဒိုင်နိုဆောမျိုးစိတ်ဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၀၀ ကျော် Jurassic ကာတွင်ပေါ်ပေါက်ခဲ့တဲ့ ဒိုင်နိုဆောဖြစ်ပြီး အစောပိုင်းကျောက်ဖြစ်ရုပ်ကြွင်းများကို ၁၉၇၈ ခုနှစ်က လီဆိုသိုတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆန်နီတောင်ဖြတ်လမ်းဟာ ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးတောင်ဖြတ်လမ်းများတွင်တစ်ခုအပါအဝင်ဖြစ်ပြီး တောင်အာဖရိကနိုင်ငံရှိ အန်ဒါဘာ့ဂျမြို့နှင့် လီဆိုသိုနိုင်ငံရှိ Mokhotlong မြို့တို့ကိုဆက်သွယ်ထားတဲ့လမ်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တွင် အကြီးဆုံးစိန်တုံးတစ်တုံးဖြစ်တဲ့ စိန်တုံးကို လီဆိုသိုမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလေးချိန် ၉၁၀ ကာရက်ရှိပြီး ဘတ်စကတ်ဘောလုံးထက်အရွယ်အစားကြီးမားပါတယ်။

လီဆိုသိုသမိုင်းတွင်အကြီးဆုံးရှာဖွေတွေ့ရှိတဲ့စိန်တုံးဖြစ်ပြီး ပဉ္စမမြောက်အကြီးဆုံးစိန်တုံးဖြစ်ပါတယ်။

လီဆိုသိုမှာ ကမ္ဘာပေါ်မှာကြောက်မက်ဖွယ်အကောင်းဆုံးလေယာဉ်ပြေးလမ်းရှိနေပါတယ်။ Matekane လေယာဉ်ပြေးလမ်းဟာ ပေ ၁၆၀၀ ခန့် မြင့်မားတဲ့ ချောက်ကမ်းပါးအနီးမှာ တည်ရှိနေပါတယ်။

ဒီလေယာဉ်ပြေးလမ်းကိုတော့ ကျန်းမာရေး နဲ့ ပရဟိတ အဖွဲ့အစည်းတွေက မကြာခဏ အသုံးပြုလေ့ရှိပါတယ်။

လီဆိုသိုဟာ အာဖရိကမှာရှိတဲ့ လက်တစ်ဆုပ်စာ နှင်းလျှောစီးနိုင်တဲ့ဒေသများထဲမှာ တစ်ခုအပါဝအင်ဖြစ်ပါတယ်။

လီဆိုသိုမှာရှိတဲ့ Afriski နှင်းလျောစီး အပန်းဖြေစခန်းဟာ မလုတီတောင်တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၂၂ မီတာ (၁၀၅၇၁ ပေ) မြင့်ပါတယ်။

လီဆိုသိုနိုင်ငံမှာ လိုဏ်ခေါင်းတွင်းနေထိုင်သူများလည်း ရှိနေဆဲဖြစ်ပါတယ်။

ဘာရီရာပြည်နယ်တွင်တည်ရှိတဲ့ ဟာကိုမီလိုဏ်ခေါင်းအိမ်များဟာ ရွံ့ဖြင့်ပြုလုပ်ထားပြီး ဘာဆီးယားလူမျိုးစုများ သားစဉ်မြေးဆက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ် ။

 

လီဆိုသိုမှာ ခရီးသွားအများစု လည်ပတ်လေ့ရှိတဲ့နေရာတွေကတော့ Sehlabathebe အမျိုးသားပန်းခြံ ၊ မာဆယ်ရူးမြို့ ၊ Maletsunyane ရေတံခွန် ၊ Thaba Bosiu တောင် ၊

Katse ဆည် ၊ Katse ရုက္ခဗေဒဥယျာဉ် ၊ Kome လိုဏ်ဂူ ၊ ဒိုင်နိုဆောခြေရာများရှိရာနေရာ နဲ့ Morija ပြတိုက်တို့ပဲ ဖြစ်ပါတယ်။

လီဆိုသိုရဲ့ အလံတော်မှာတော့ နောက်ခံအနေနဲ့ အပြာ ၊ အဖြူ ၊ အစိမ်း ကန့်လန့်ဖြတ်အရောင် သုံးရောင် ပါဝင်ဖွဲ့စည်းထားပြီး အလယ်မှာတော့ နိုင်ငံရဲ့ ရိုးရာအမှတ်အသားဖြစ်တဲ့

ကောက်ရိုးဦးထုတ်(mokorotlo) ရဲ့ ပုံ ပါရှိပါတယ်။ အပြာရောင်က ကောင်းကင် နဲ့ မိုး ကို ကိုယ်စားပြုပြီး အဖြူရောင်က ငြိမ်းချမ်းမှု ၊ အစိမ်းရောင်က လီဆိုသိုမြေ ကို ကိုယ်စားပြုပါတယ်။

crd form thuthasone

Related Posts