“တိုက်တန်းလျားမှာ နေရတဲ့ ဆင်းရဲသားဘ၀မှ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့တဲ့ ပူတင်ရဲ့ ဘ၀ကောက်ကြောင်း”322

နာမည် အပြည့်အစုံမှာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် ဖြစ်ပြီး ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့တွင် လီနင် ဂရက်မြို့ အမှတ် (၁၂) ဘက်စ်ကော့ဗ် လိန်း လမ်းရှိ ပြိုကျလုမတတ် ဖြစ်နေသော တိုက်ခန်းကလေး တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်း ညီအကို သုံးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။

ဖခင်သည် စက်ရုံ အလုပ်သမား တယောက် ဖြစ်သဖြင့်လည်း ပူတင် သည် အောက်ခြေ လူတန်းစားများ အကြားတွင် မထင်မရှား သာမန်လူသားတယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်ဟု ပြော၍ ရပေသည်။ ပူတင်၏ မိဘများ နေထိုင်သော တိုက်တန်းလျား တွင် ရေပူ မရှိ၊ ရေချိုးကန်မရှိ၊ အပူဓါတ်ရရန် အတွက် ထင်းမီးသွေး ကို အသုံးပြုရသည့် မီးဖိုကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ တိုက်ခန်း ပေါ်သို့ တက်သည့် လှေကားတွင်လည်း အမြဲလို ကြွက်များက သောင်းကျန်းနေတတ်သည်။

ပူတင်သည် ကျဉ်းမြောင်းလှသော သူ၏ တိုက်ခန်းထဲတွင် မနေသည်ကများပြီး အောက်ထပ် ရှိ အမှိုက်များ နှင့် ဗရပွ ဖြစ်နေသော မြေကွက်လပ်တွင်သာ အနေများသည်။ ချို့ငဲ့စွာ စားသောက်ခဲ့ရသူ ဖြစ်၍ ငယ်စဉ်က ခန္ဓာကိုယ် မဖွံ့ဖြိုးခဲ့ရှာကာ အရပ်ပုသည်ဟု ပြောလို့ရသည့် အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ထို့အတွက်လည်း ရွယ်တူ ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။

ထိုသို့ အနိုင်ကျင့်ခံရပါများ၍ လက်ဝှေ့၊ ဂျူဒို နှင့် ရုရှားရိုးရာ ဆမ်ဘို သိုင်း များကို သင်ယူ လေ့ကျင့်ခဲ့သည်။ ပူတင်သည် ထိုသို့ တတ်ကျွမ်းလာသော ကိုယ်လုံပညာများကို လီနင်ဂရက် လမ်းများ ပေါ်တွင် အသုံးချ လာခဲ့သည်။ စိတ်တိုတတ်သူ ဖြစ်၍ အရင်ကလို သည်းခံလို စိတ် မရှိတော့ဘဲ ထစ်ကနဲ ဆို ထိုးကြိတ်ရန် ဝန်မလေးသဖြင့် ပွဲတိုင်းကျော် ဖြစ်လာခဲ့သည်။ ထိုသို့ လီနင်ဂရက် လမ်းမများ ပေါ်တွင် လက်ရဲဇက်ရဲ ကျင်လည်ခဲ့သည့်အတွက် သူ့အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကို ထည့်တွက်ချင်း မရှိခဲ့သည့် စိတ်ဓါတ်အခံ diminished sense of danger ရှိသည်ဟု ကေဂျီဘီ သင်တန်းဆရာများ၏ သတ်မှတ်ခြင်း ခံခဲ့ရသည်။

သို့သော် သူ၏ အိမ်နီးနားချင်း သူငယ်ချင်း များ အပေါ်တော့ ဗွေမယူ၊ ၎င်းတို့ဖက်မှ အမြဲလို ကာကွယ်ပေး ခဲ့သည်။ ထိုအထဲတွင် ပူတင် တို့ နေထိုင်ရာ တိုက်တန်း နှင့် ကပ်လျှက် အမှတ် (၁၄) ဘက်စ်ကော့ဗ် လိန်း တွင်နေသည့် အာကာဒီ အာကီမော့ (အမည်လွှဲထား) လည်း ပါဝင်သည်။ တနေ့တွင် အာကာဒီ အား နံစော်နေသော နောက်ဖေး လမ်းကြား တနေရာတွင် သူထက် အသက်ကြီးပုံရသည့် လူငယ် နှစ်ဦးမှ ရန်စ အနိုင်ကျင့်နေသည်ကို ပူတင် တွေ့လိုက်ရသည်။

အာကာဒီသည် မွေးဖွားစဉ်ကတည်းက အသက်ရှူ လမ်းကြောင်း နှင့် ပတ်သက်သည့် ရောဂါ အခံရှိသူ ဖြစ်၍လည်း ခန္ဓာကိုယ်မှာ ချည့်နဲ့နဲ့ နှင့် ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် နှင့် စန္ဒယားကို ကျွမ်းကျွမ်း ကျင်ကျင် တီးတတ်ပြန်၍ သူ၏ လက်ချောင်းများကို မထိခိုက်အောင် အတတ်နိုင်ဆုံး သတိထား နေသူလည်း ဖြစ်သည်။ စန္ဒယားတီးတတ်၍ ထင်ပေါ်ကာ ရွယ်တူ မိန်းကလေးများ၏ အရေးပေးခြင်းကို ခံရ၍လည်း ဘက်စ်ကော့ဗ် လိန်းရှိ လူပေလူတေ လေးများက သူ့အား မျက်မုန်းကျိုး လာကြ၍လည်း အခွင့်သင့်လျှင် အခွင့်သင့်သလို ရန်စလေ့ရှိသည်။

ယခုအခါ တွင်တော့ ပူတင်နှင့် ပက်ပင်း တိုးလာပြီ ဖြစ်သည်။ ပူတင်သည် အာကာဒီအား ရန်စနေသူ နှစ်ဦးကို အလွယ်တကူ ပင် မြေကြီး ပေါ် လှဲသိပ်ပေးနိုင်ခဲ့သည်။ ထိုသို့ ညစ်ပတ်နံစော်နေသော အမှိုက်ပုံ လမ်းကြားရှိ ရန်ပွဲ လေးသည် ရုရှား ၏ သမိုင်းကြောင်း ကို ပြောင်းလဲသွားစေမည်ဟု ထိုစဉ်က မည်သူကမျှ ယောင်လို့ပင် တွေးမိကြမည် မဟုတ်ပေ။

ထိုရန်ပွဲကြောင့် နောက်ပိုင်းတွင် ပူတင် နှင့် အာကာဒီတို့ ရင်းနှီးလာခဲ့ကြသည်။ သူငယ်ချင်း အရင်း အချာများ ဖြစ်လာခဲ့ကြသည်။

သူတို့ နှစ်ဦးစလုံး အမှတ် (၁၉၃) အထက်တန်းကျောင်းသို့ အတူ တက်ရောက်ခဲ့ကြသည်။ ပူတင်သည် ကျောင်းတွင် ရန်ပွဲများကြောင့် ကျောင်းသားဆိုး တယောက် ဖြစ်လာသော်လည်း အာကာဒီကတော့ ပညာရေး တွင် ထူးချွန်သူ ဖြစ်သည်။ အာကာဒီသည် လီနင်ဂရက် အနုပညာသိပ္ပံ ကျောင်းတိုက်ကြီးတွင် ဂီတပညာကို ဆည်းပူးရန် ရည်မှန်းထားသူ ဖြစ်သည်။ သို့သော် အသက် ဆယ်ခုနှစ်နှစ် တွင် လီနင်ဂရက် အနုပညာသင် သိပ္ပံကျောင်း မှ အာကာဒီ၏ ကျောင်းဝင်ခွင့် လျှောက်လွှာကို ငြင်းပယ်ခဲ့သည်။

ထို့အတွက် မျှော်လင့်ချက်များ ပျက်ပြား၍ စိတ်ဓါတ် အကြီးအကျယ် ကျဆင်းသွားသော အာကာဒီသည် သူငယ်ချင်း ဖြစ်သူ ပူတင် နှင့် အတူ လီနင်ဂရက် တက္ကသိုလ်တွင်သာ ပညာဆက်လက် ဆည်းပူးခဲ့သည်။ သူတို့ နှစ်ယောက် ဘွဲ့ရလျှင်ရခြင်းပင် ကေဂျီဘီ၏ စည်းရုံး သိမ်းသွင်းခြင်းကို ခံခဲ့ရသည်။ ကေဂျီဘီ၏ ဘာသာ စကားသင် ကျောင်းတွင် အပတ်တကုတ် လေ့လာသင်ယူခဲ့ပြီးနောက် Red Banner Institute ခေါ် စပိုင် ကျောင်းတိုက်ကြီးတွင် ဆက်လက် လေ့လာသင်ယူခဲ့ကြရပြန်သည်။

ကျောင်းဆင်းသည်နှင့် ထောက်လှန်းရေး အရာရှိ ပူပူနွေးနွေး ပင် ရှိသေးသည့် သူတို့ နှစ်ဦးကို အရှေ့ဂျာမဏီသို့ တာဝန်ပေး စေလွှတ်လိုက်သည်။

ပူတင်အား အရှေ့ဂျာမဏီရှိ တောမကျ မြို့မကျ ဒရက်စဒင် တွင် တာဝန်ချထားပေးခဲ့ပြီး အာကာဒီကတော့ အရှေ့ဘာလင် မြို့တော်ကြီးတွင် တာဝန်ပေးခံခဲ့ရသည်။ အာကာဒီသည် ပူတင်လို ချောင်ထိုး မခံရဘဲ အနောက်တိုင်း လူ့အဖွဲ့အစည်း အား တစစီ ဆွဲဖြိုချရန် ရည်ရွယ်သည့် ဝါဒဖြန့်ချီရေး၊ သတင်းမှားများ ထုတ်လွှင့်ရေး၊ အဖျက်အမှောင့် လုပ်ငန်းများ၊ အုပ်ချုပ်သူ မှန်သမျှ အပေါ် အကောင်းမြင်လေ့ မရှိသည့် အနောက်နိုင်ငံများ မှ လက်ယာစွန်း၊ လက်ဝဲစွန်း ဝါဒ သမားများ ကို သိမ်းသွင်းခြင်း အစရှိသည့် တို့တွင် ထဲထဲဝင်ဝင် လုပ်ကိုင်ခွင့် ရခဲ့သည်။

အာကာဒီ နှင့် အရှေ့ဂျာမဏီ ထောက်လှမ်းရေး စတာဆီ သည် အာရပ်အကြမ်းဖက် သမားများအား လက်နက် နှင့် ငွေကြေး ထောက်ပံ့ခဲ့သည်။ ထိုအထဲတွင် ပီအယ်အို ခေါ် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့၊ ပါလက် စတိုင်း လွတ်မြောက်ရေး ပြည်သူ့တပ်ဦး အဖွဲ့တို့လည်း ပါဝင်သည်။

၁၉၈၆ ဧပြီလ တွင် အနောက်ဘာလင် ရှိ La Belle ဒစ္စကို ကလပ် ဗုံးခွဲမှု ကျူးလွန်ခဲ့ကြသည့် လစ်ဗျားခေါင်း ဆောင် ကဒါဖီ မှ စေလွှတ်လိုက်သူများကို အာကာဒီမှ တာဝန်ယူ၍ ဖေါက်ခွဲရေး ပစ္စည်းများ ပံ့ပိုး ပေးခဲ့ရသည်။ သို့သော် ကျွမ်းကျင် ပါးနပ်စွာ လုပ်ကိုင်နိုင်ခဲ့၍ ဘာလင် တံတိုင်း ပြိုလဲသွားပြီးနောက်ပိုင်း ဖေါ်ထုတ်ရရှိခဲ့သည့် စတာဆီ၏ ဖိုင်များထဲတွင် အာကာဒီ၏ အမည်သည် တစွန်းတစမျှပင် ပါရှိခဲ့ခြင်း မရှိပေ။

ဘာလင် တံတိုင်းကြီး ပြိုလဲသွားပြီးနောက်တွင် အာကာဒီနှင့် ပူတင် တို့နှစ်ဦးသည် သူတို့ မွေးရပ်မြေ လီနင် ဂရက်သို့ ပြန်လာခဲ့ကြသည်။ ဆိုဗီယက်သည် သူတို့ အရှေ့ဂျာမဏီ သို့ သွားခဲ့သည့် အချိန်ကလို မဟုတ်တော့ဘဲ အခြေအနေ များ အဆမတန် ဆိုးဝါးလာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။

ကုန်စုံဆိုင်များတွင် လူတန်းရှည်ကြီး ဖြစ်လာနေပြီး ဆူပါမားကက်များရှိ စင်များ ပေါ်တွင်လည်း ဟာလာ ဟင်းလင်း ဖြစ်နေသည်က များပေသည်။ ၎င်းတို့ ပြန်ရောက်ပြီး လေးလ အကြာ ၁၉၉၁ ဒီဇင်ဘာလတွင် ကေဂျီဘီရှိ စိတ်မာခက်ထန်သည့် အရာရှိများ ဦးဆောင်သည့် အာဏာသိမ်းပွဲ ပျက်ပြားခဲ့ရမှု နှင့် အတူ ဆိုဗီယက် ပြည်ထောင်စုသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့ရပေတော့သည်။

တခါက လွန်စွာ တန်ခိုးထွားခဲ့သည့် ကေဂျီဘီ သည်လည်းပြည်တွင်း လုံခြုံရေး နှင့် တန်ပြန် ထောက်လှန်းရေး အတွက် တာဝန်ယူရသော FSB နှင့် ကေဂျီဘီကဲ့သို့ပင် ပြည်ပ သူလျှို လုပ်ငန်းများ တာဝန်ယူရသည့် SVR ဟူ၍ နှစ်ဖွဲ့ ခွဲခံလိုက်ရသည်။

သို့သော် အာကာဒီနှင့် ပူတင် တို့ သည် ထောက်လှန်းရေး ဖက်တွင် ဆက်လက် အမှုထမ်းခြင်း မရှိတော့ဘဲ ၎င်းတို့ နှင့် အဆင်ပြေမည်ထင်သည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အာကာဒီသည် ရေနံလုပ်ငန်းများ ဖက်သို့ ရောက်သွားပြီး ပူတင်ကတော့ ၎င်းကို၎င်း ဒီမိုကရက် အရင့်အမာကြီးဟု ကြွေးကျော်ကာ တက္ကသိုလ်က ဆရာသမား ဖြစ်ခဲ့သူ လီနင်ဂရက် မြို့တော်ဝန် အနာတိုလီ ဆောဘ်ချက် ထံတွင် အနီးကပ် လူယုံအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ မကြာမီမှာပင် လီနင်ဂရက်ကို မူလ အမည် စိန့် ပီတာစဘတ် အဖြစ် ပြောင်းလဲပြစ်ခဲ့ကြသည်။

ပူတင်သည်လည်း စိန့်ပီတာ စဘတ် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှာဖွေရန် ဖွဲ့စည်းထားသည့် ပြည်ပ ဆက်ဆံရေး ကော်မတီ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ စိန့် ပီတာစဘတ်တွင်တော့ ရာဇဝတ်မှုများက ထူပြောလာနေပြီ ဖြစ်သည်။ ၁၉၉၁ အတွင်းမှာပင် ရှည်လျားလာသော ဆောင်းရာသီနှင့် အတူ ရုရှားတွင် အငတ်ဘေး အန္တရာယ်ကြီး၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်လာနေရချိန်လည်း ဖြစ်သည်။

ပူတင်သည် ရုရှား၏ သဘာဝ သယံဇာတများ ဖြစ်သော ရေနံ၊ သစ်၊ တွင်းထွက် ပစ္စည်းအမျိုးမျိုး နှင့် အရေးတကြီး လိုအပ်လာနေသည့် စားသောက်ကုန်များ ဖြစ်သော အသား၊ သကြား၊ စာသုံးဆီများ နှင့် အလဲအလှယ် လုပ်ရသည့် သဘောတူ စာချုပ်များ ချုပ်ဆိုရသည့် တာဝန်ကို ယူခဲ့ရသည်။

နိုင်ငံ၏ တွင်းထွက်ပစ္စည်းများသာ ပြည်ပ ရောက်သွားသော်လည်း စားသောက်ကုန်ပစ္စည်းများက မဆိုသ လောက်သာ ရောက်လာခဲ့သည်။ ထို့အတွက် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခဲ့ရာ အမြတ်အစွန်းများ မတန်တဆ ရရှိသွားသူသည် ပူတင်၏ သူငယ်ချင်း အရင်းအချာ ဖြစ်သည့် အာကာဒီ အာကီမော့ ပင် ဖြစ်သည်။
ရုတ်ခြည်း ချမ်းသာကြွယ်ဝလာသော အကာဒီသည် ယခင် ကေဂျီဘီ အရာရှိဟောင်များ၊ Spetnaz ခေါ် အထူး စစ်ဆင်ရေး အဖွဲ့ဝင်များကို ခေါ်ယူကာ စိန့် ပီတာစဘတ် ဆိပ်ကမ်းများကို ထိန်းချုပ်နိုင်ရေးအတွက် တမ်ဘော့ မာဖီးယား အဖွဲ့နှင့် လမ်းပေါ်တိုက်ပွဲများ ဆင်နွှဲလာခဲ့သည်။

အာကာဒီသည် အချိန်အနည်းငယ်အတွင်းမှာပင် ရုရှား၏ အထင်ကရ ရေနံ ကုန်သည်ကြီး ဖြစ်လာခဲ့သည်။ ရရှိသော အမြတ်အစွန်းများဖြင့် ရေအိုင်ကြီး ဘေးရှိ မြေကွက်လပ်များကို ဝယ်ယူပြီး ဒါချာ ခေါ် အပန်းဖြေ အိမ်များ ဆောက်လုပ်ကာ ပူတင်အပါအဝင် သူ၏လူများ ဖြစ်သော ကေဂျီဘီ အရာရှိဟောင်းများကို ပေးခဲ့သည်။

ကေဂျီဘီ အရာရှိဟောင်းများ နှင့် ပူတင်၊ အာကာဒီတို့သည် ထိုအပန်းဖြေ အိမ်များသို့ မိသားစုများ နှင့် အတူ မကြာခဏ ရောက်ရှိလာကြကာ ရုရှားတနိုင်ငံလုံးကို ထိန်းချုပ်ပြီး ယခင် အင်အားကြီး နိုင်ငံဘဝ ပြန်ရောက်ရန် ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။ ပထမဦးဆုံး သူတို့ကိုယ် သူတို့ ဘယ်သူမှ မယှဉ်နိုင်အောင် ချမ်းသာကြွယ်ဝသူများ အဖြစ် ရောက်ရှိအောင် အရင်လုပ်ပြီးနောက် အမေရိကန် နှင့် အနောက်နိုင်ငံများအပေါ် ဆိုဗီယက် ပြည်ထောင် စုကြီး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ခဲ့မှု အတွက် လက်စားချေရန်ပင် ဖြစ်သည်။

မိသားစုဆို၍ ပူတင်သည် ၁၉၈၃ တွင် လေယာဉ်မယ် လုဒ်မီလာ နှင့် ၁၉၈၃ တွင် လက်ဆက်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၂၀၁၃ တွင် ကွာရှင်း ပြတ်စဲခဲ့ကြသည်။

ပူတင်သည်လည်း ၁၉၉၆ ဇွန်လ တွင် ကရင်မလင်သို့ ပြည်ပရှိ အစိုးရပိုင် ပစ္စည်းများကို စီမံခန့်ခွဲရသည့် မထင်မရှား ဌာနတခု၏ အကြီးအကဲ အဖြစ် ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် အာကာဒီ နှင့် ကေဂျီဘီ အရာရှိဟောင်းများ၏ အကူအညီဖြင့် ပူတင်သည် ရာထူး အဆင့်ဆင့် တိုးမြှင့်လာခဲ့သည်။ သမ္မတရုံးဝန်ထမ်း အဖွဲ့၏ ဒုတိယ အကြီးအကဲ၊ FSB ထောက်လှန်းရေး အဖွဲ့ အကြီးအကဲ နှင့် ၁၉၉၉ ဩဂုတ်လတွင် ရုရှား ဖက်ဒရေးရှင်း၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သမ္မတ ရာထူးသို့ ထပ်မံတက်လှန်းနိုင်ဖို့က ကြိမ်းသေနေပြီ ဖြစ်သည်။

ပူတင် ဝန်ကြီးချုပ် ဖြစ်ပြီး တလ အကြာ စက်တင်ဘာ ၅ ရက်နေ့တွင် ဒါဂျီစတန် သမ္မတ နိုင်ငံငယ်လေးတွင် ပထမဆုံး အကြိမ် ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပစ်မှတ်သည် ရုရှား စစ်သားများ နှင့် မိသားစုများ နေထိုင်ရာ တိုက်တန်းလျား တခုမှာပင် ဖြစ်သည်။ လေးရက်အကြာတွင် မော်စကို ရှိ ဂူရာနိုဗာ လမ်းတွင် နောက်ထပ် တိုက်တန်းလျား တခု၌ ဗုံးခွဲခံခဲ့ရုံးပြန်သည်။ ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှစ်ခု တွင် သေဆုံးသွားသည့် အရည်အတွက် သည် ၁၅၈ ဦး ဖြစ်ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့သည်။ လက်သည်အဖြစ် ချီချင် ခွဲထွက်ရေးသမားများကို အပြစ်ဖို့ခဲ့ကြသည်။

နောက်ထပ် ဗုံးနှစ်လုံးသည် တပတ်ခြားပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပြန်သည်။ ပထမ ဗုံးသည် မော်စကို တွင် ဖြစ်ပြီး နောက် ဗုံးတလုံးသည် တောင်ပိုင်းရှိ ဗော်ဂိုဒွန်စ် တွင် ဖြစ်သည်။ တနိုင်ငံလုံးလည်း တုန်လှုပ် ချောက်ချားကုန်ပြီ ဖြစ်သည်။ ထိုအချိန်တွင် ကာဇာတ်စတန်သို့ တရားဝင်ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ပူတင်သည် မိမိအနေဖြင့် အမြန်ဆုံး နှင့် အရက်စက်ဆုံး တုန့်ပြန်သွားမည်ဟု နိုင်ငံသားများကို ကတိပေးစကား ဆိုလာခဲ့သည်။

တကယ်တမ်းတွင် ချီချင် ခွဲထွက်ရေး သမားများ လက်ချက်မဟုတ်ဘဲ အာကာဒီ အာကီမော့ မှ စီစဉ်ခဲ့ပြီး FSB အဖွဲ့မှ တာဝန်ယူ ဖေါက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖန်တီးနိုင်ခဲ့သဖြင့် ချက်ညာတွင် စစ်ပွဲအရှိန် မြင့်တက်လာပြီး ပူတင် အပေါ် လူကြိုက်များမှုလည်း တဟုန်ထိုး မြင့်တက် သွားခဲ့ ပေတော့သည်။ ဒီဇင်ဘာလတွင် အရက်နာကျပြီး မကျန်းမမာ ဖြစ်လာသော သမ္မတ ဘော်ရစ်ယဲဆင် သည် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာကာ သူ့နေရာအား ဆက်ခံရန် ပူတင်ကို ရွေးချယ်ခဲ့ပြီး ရွေး‌ကောက် ပွဲများ ကျင်းပပေးခဲ့သည်။ ထိုအခါတွင်လည်း အာကာဒီတို့ အဖွဲ့ကပင် ပူတင် အရွေးခံရအောင် ကူညီခဲ့ကြ ပြန်သည်။

ဤသို့ဖြင့် ၎င်းတို့ စီမံချက်၏ ပထမအဆင့်သည် အောင်မြင်စွာ ပြီးစီးသွားခဲ့ပေတော့သည်။ အာကာဒီ နှင့် ကေဂျီဘီ အရာရှိဟောင်းကြီးများက သူတို့၏ အတွင်းလူကို ကရင်မလင် နန်းတော်ကြီးထဲသို့ အရောက်ပို့ ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ဒုတိယ အဆင့် အဖြစ် ရုရှားတွင် အချမ်းသာဆုံး အဖြစ်သို့ ရောက်အောင် လုပ်ကာ အနောက်အုပ်စုကို လက်စားချေဖို့ပင် ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

(Daniel Silva ၏ The Cellist မှ အချက်အလက်များ ကို အများဆုံး ကိုးကားသည်)

Hla Soe Wai

crd to original uploader

Related Posts