သမိုင်းထဲက ပတ္တမြားငမောက် ဆိုတာ 322

မြန်မာနိုင်ငံဟာ သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တာနဲ့အညီမြန်မာမင်းအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရ တနာတွေလည်းများစွာရှိပါတယ်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင်ခဲ့ပါတယ်။ ရတနာပုံရွှေတိုက်တော်စာရင်းမှာပါဝင်တဲ့ နန်းစဉ်ပတ္တမြားတွေကတော့

၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းကရှိခဲ့တဲ့ အလေးချိန်ရတီကိုးဆယ်ကျော်ရှိသောပတ္တမြားငမောက်

၂။ ဗဒုံမင်းလက်ထက်ကတည်းကရှိခဲ့တဲ့ရတီချိန်နှစ်ဆယ်ခန့်ရှိတဲ့လှော်ကားတင်ကလေးဟုခေါ်သောပတ္တမြား

၃။ သက်က္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇)ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သာ ပတ္တမြား

၄။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား

၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား

၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ဒီပတ္တမြားတွေထဲက ကျန်ပတ္တမြားအကြောင်းကိုသိပ်မသိကြပေမယ့် ပတ္တမြားငမောက်ဆိုတဲ့ နာမည်ကိုတော့ အားလုံးကြားဖူးကြမှာပါ။

ချင်းတွင်းနယ်သားငမောက်ဟာ မိုးကုတ်မှာလယ်ယာစိုက်ပျိုးပြီးနေထိုင်ရင်း တစ်ညမှာသူ့ရဲ့ခြံထဲက ပျိုးပျိုးပျက်ပျက်လင်းနေတာကိုတွေ့ပါ သတဲ့။ သွားကြည့်တော့ အနီရောင်ကျောက်ပတ္တမြားကြီးတစ်လုံးကို တွေ့ပါတယ်။ ဒါနဲ့ငမောက်ဟာ ဝမ်းသာသွားပြီး ပတ္တမြားကိုနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။

တစ်ပိုင်းကို ယောက်ဖဖြစ်သူအားပေးပြီး တရုတ်နိုင်ငံမှာသွားရောင်းဖို့စေလွှတ်လိုက်ပြီး ကျန်တစ်ပိုင်းကိုတော့ သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ် ကြီး ဒါယကာပင်းတလဲမင်းလက်ထက် အင်းဝမြို့တော် သို့သွားရောက်ဆက်သရာဘုရင်းမင်းမြတ်လည်း နှစ်သက်ဝမ်းသာပြီး ငမောက်အား ဆုတော်လာဘ်တော်များချီးမြှင့်တော်မူလိုက်ပါတယ်။ ငမောက်ကဆက်သသောကြာင့် ပတ္တမြားကြီးရဲ့နာမည်ကို “ပတ္တမြားငမောက်” လို့ခေါ်တွင်ခဲ့ပါတယ်။

တရုတ်တို့ထံရောက်သွားတဲ့ပတ္တမြားဟာလည်း တရုတ်မှာမငြိမ်မသက်ဖြစ်ပြီး မြန်မာနိုင်ငံသို့တိမ်းရှောင်လာတဲ့ တရုတ်လူမျိုး နဲ့အတူ မြန်မာပြည်ကို ပြန်ပါလာခဲ့ပါတယ်။ ထိုတရုတ်ကုန်သည်ကလည်း ပတ္တမြားကိုဘုရင်မင်းမြတ်ကို ဆက်သရာ ဘုရင်ကလည်း ဝမ်းသာအားရ ဆုတော်ငွေများပေးသနားခဲ့ပါတယ်။

တရုတ်ကုန်သည်ဆီကရတဲ့ ပတ္တမြားတစ်ပိုင်းကို ယခင်ရှိတဲ့ ပတ္တမြားတစ်ပိုင်းနဲ့ဆက်ကြည့်ရာ တစ်လုံးတည်းရှု့မငြီးတဲ့ ကျောက်ကြီး ဖြစ်လာတဲ့အခါမှာတော့ ငမောက်အား အားလုံးမဆက်ရကောင်းလားဟု အမျက်မာန်ရှတော်မူပါတယ်။ ထို့နောက် ငမောက်၏ဆွေ(၇)ဆက် မျိုး(၇)ဆက်ကိုကွပ်မျက်တော်မူ ခဲ့ပါတယ်။ ငမောက်နှင့်ဆွေမျိုးများ သေဆုံးခဲ့တဲ့နေရာကို လောင်းစင်ရွာဟူ၍၎င်း၊ ရေနှင့်ဝေးသောနေရာ ဖြစ် ၍ ရေးဝေရွာဟု၎င်း ခေါ်ခဲ့ပြီး အခုထက်တိုင် ရေဝေရွာဆိုပြီးရှိနေပါသေးတယ်။

ပတ္တမြားငမောက်ရဲ့အလေးချိန်ကတော့ ရတီ(၉၀)ရှိပြီး လုံးချောသွေးထားကာ အရည်အသွေးအလွန်ကောင်းကြောင်း သိရပါတယ်။ ဖြူဖွေးသော ဝါဂွမ်း(သို့)နွားနို့အတွင်းသို့ ဒီပတ္တမြားကိုထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင်ပြောင်းလာကြောင်းသိရပါတယ်။

အမှောင်ထဲမှာလည်း အနီရောင်တလျှမ်းလျှမ်းဖြာထွက်နေတတ်ပါသေးတယ်။လက်ထဲမှာ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြ နေပါတယ်။ ရေစိမ်သောက်လျှင်လည်ချောင်းနာ၊ရ င်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေပျောက်ပြီး အားအင်ကိုတိုးစေပြီး မျက်နှာကိုပွတ်သပ်ပေးပါက အေးမြပြီး ၊ဝက်ခြံ တင်းတိတ် ကင်းစေတယ်လို့ အဆိုရှိပါတယ်။

ဒီနာမည်ကျော် ပတ္တမြားငမောက်ကို နန်းစဉ်ရတနာအဖြစ်ထိန်းသိမ်းလာခဲ့တာ ဘိုးတော်ဗဒုံမင်းလက်ထက်ကစလို့ သီပေါမင်းပါတော်မူချိန် အထိတိုင်ပါပဲ။သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နန်းတွင်းကကျောက်မျက်ရတနာတော်တော်များများဟာ အင်္ဂလိပ်တို့ရဲ့သိမ်း ယူခြင်းကို ခံခဲ့ရပါတယ်။

ပတ္တမြားကြီးကတော့ သီပေါမင်းနောက်ပဲပါသွားသယောင်ယောင် အင်္ဂလိပ်တို့ပဲ သိမ်းသွားသယောင်ယောင်နဲ့ပျောက်ခြင်း မလှပျောက် သွားပါတော့တယ်။ဒီမေးခွန်းရဲ့ အဖြေကိုတော့သီပေါမင်းနဲ့ ကာနယ်စလေဒင်တို့ပဲသိကြပါလိမ့်မယ်။

(မှတ်ချက်။ ။ပတ္တမြားငမောက်ကို သုံးပိုင်းပိုင်းခဲ့တဲ့ နောက်မူကွဲဇာတ်လမ်းရှိပါသေးတယ်)

Related Posts