သဲအင်းဂူဆရာတော်ဘုရားကြီး ရှင်ဥက္ကဌရဲ့ထေရုပ္ပတ္ 322

ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော် အလောင်း အလျာကိုရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာနေဦးသော်တာ၊ ဒေါ်မယ်အံ့ တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့နံနက် (၈:၀၀)နာရီအချိန်တွင်မီးရှူးသန့်စင်ဖွားမြင်တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင်တတိယမြောက်သားရတနာဖြစ်ပါသည်။

ဆရာတော်အလောင်းလျာကိုမိဘများမှ အသက်အရွယ် ငယ်စဉ်ကပင်ကျောင်းထား စာသင်စေခဲ့သော်လည်းစာပေပညာထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက် ခဲ့ရပါသည်။ ဆရာတော်အလောင်း အလျာသည်အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ်တိုင်အောင်ကောင်းဆိုးနှစ်ထွေရောပြွန်းသည့်လောကီဓမ္မ သဘာ၀တရားများကိုတွေ့ကြုံခံစားခဲ့ရပါသည်။

အိမ်ထောင် ၄- ကြိမ် ပြုခဲ့သည်။ သားကျွေးမှုမယားကျွေးမှုအတွက်အသက် ၄၆-နှစ် အရွယ်အထိ အရက်သမား၊ လောင်းကစားသမား၊ ကြေးစားလူမိုက်၊ ဓားပြဗိုလ် ဘဝတို့ဖြင့်အကုသိုလ်မျိုးစုံကျူးလွန်ရင်းအစိုးရအပြစ်ဒဏ်များလဲကျခံခဲ့ရသည်။တစ်နေ့ဇနီးသည်ဝယ်လာ သောစာမတတ်သည့် စွန်းလွန်းဆရာတော်ဘုရားကြီးအကြောင်းစာအုပ်ကို ရုပ်ပုံများ ကြည့်ရင်းသတိပဌာန်လေးပါးကိုစာလုံးပေါင်းဖတ် ကြည့်ပြီး ”သူတောင်ရဟန္တာဖြစ်ရင်ငါလဲကျင့်ရင်ဖြစ်မှာပဲ” ဟုတရားကျင့်လိုစိတ်စတင်ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ဆုံးအကြိမ် ဓားပြတိုက်ရာတွင် ဦးခေါင်းကိုဓားခုတ်ခံရပြီးသံဝေဂအကြီးအကျယ်ရခဲ့သည်။ ၇-ရက်အကြာဒဏ်ရာသက်သာ သောအခါ စွန်းလွန်းစာအုပ်ယူပြီး မှော်ဘီနှောကုန်းရွာ ကျောင်းလေးကျောင်းသိမ်ထဲတွင် ၉-ပါးသီလ ခံယူကာ တံခါးပိတ်ပြီး ”လူသေလျှင် သေမသေလျှင်ကိလေသာသေ” ဟု ပြင်းပြသော စိတ်ဖြင့် ဝင်လေ ထွက်လေနှာသီးဖျားထိသည်ကိုသတိဖြင့် မပြတ်ရှုမှတ်ပါတော့သည်။

ဆရာတော်အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သောကျောင်းကလေးသိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်းလဆန်း (၆)ရက်၊ တနလာၤနေ့တွင်စတင်၍သတိပဋ္ဌာန် တရားကိုမနားမနေကျင့်ကြံပွားများအားထုတ်ခဲ့ရာ ၁၃၂၁ခုနှစ်

တော်သလင်းလဆန်း (၁၁)ရက်စနေနေ့ မွန်းလွဲသာသာအချိန်တွင်ပထမမဂ်ကိုလည်းကောင်း၊ ၁၃၂၁ခုနှစ်သီတင်းကျွတ်လဆန်း (၉)ရက် စနေနေ့၊ အမကြီးဒေါ်ဖွားစိန်၏ ခြံအုန်းနှဲပင်အောက်တွင်ဒုတိယမဂ်ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် တပေါင်းလပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့်မနီးမဝေးအနောက်မြောက်အရပ်နေရာ၌တတိယမဂ်ကိုလည်းကောင်းရရှိတော်မူပါသည်။

ဆရာတော်အလောင်းလျာသည်တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြားအဝတ်များဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်ကိုသာဝတ်ဆင် ပါတော့သည်။ အနာဂတ် ကာလတွင် ဖြစ်ပေါ်လာမည့် အာရုံ နမိတ်ထူးများကိုလည်း မြင်၍ ကြိုတင်ကာမိန့်မြွက်ခဲ့ သည်မှာ-နှောကုန်းကျေးရွာ၏အရှေ့ဖက်ပျဉ်ထောင်တွင်းကုန်းမြေနေရာတွင်ကြက်ပျံမကျ စည်ကားသော ကျောင်းတိုက်ကြီးဖြစ်ပေါ် လာလိမ့်မည်။

ဤ ကျောင်းတိုက်ကြီးသည်သာသနာ့မဏ္ဍိုင်ကြီးဖြစ်ပြီးလာရောက်နှီးနှောကြလိမ့်မည်ဟူသောစကားတော်များ ဖြစ်ပါသည်။

ဆရာတော်အလောင်းလျာသည်ပိတ်ဖြူဝတ်နှင့်တစ်နှစ်မျှနေပြီးနောက် ရဟန်းဝတ်ရန်ဝန်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့်မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသောဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ကျောင်းကြီးဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သောအထက်တန်းရဟန်းအဖြစ်ရရှိကာ ဦးဥက္ကဌဟူ သောဘွဲ့အမည် ကိုရတော်မူခဲ့ပါသည်။

ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအချိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် စတုတ္ထမဂ်ကို ရရှိတော် မူခဲ့ပါသည်။ စတင် တရားအားထုတ်ချိန်မှ တွက်သော် လပေါင်း- ၂၀ နှင့်၊ ရက်ပေါင်း ၁၃-ရက် ကြာခဲ့သည်။

၁၃၂၃ခုနှစ် ဝါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် သဲအင်းဂူ ဝိပဿနာ ကမ္မဌာန်း ကျောင်းတိုက်ကြီးကို ကျေးဇူးရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။

ဤသို့ လေးမဂ်လေးဖိုလ်ကိုရရှိတော်မူသော ကျေးဇူးတော်ရှင်သဲအင်းဂူဆရာတော် ဘုရားကြီးသည် သတ္တဝါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာကရုဏာ၊ ရှေ့ရှုကာဖြင့် မြန်မာပြည် တဝှမ်း အနယ်နယ်အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ဒါယိကာမအပေါင်းတို့အား မိမိ သိမြင်ထားသောတရားများဖြင့် သာမန် သူူတို့ နားလည်နိုင်သောမြန်မာစကားအသုံးအနှုန်းဖြင့် မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန်မြင်သည့် တိုင်အောင်ဟောကြားပြသတော်မူခဲ့ပါသည်။

ဆရာတော်သည် တပါးသူ၏စိတ်ထဲတွင် ကြံစည်နေသောအရာအားလုံးကိုသိမြင်နိုင်ကြောင်း မိန့်တော်မူခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်းသိမြင်ပါသည်။ ကျောင်းတိုက်ကြီးဖြစ်ပေါ်လာမည်။ “မှော်ဘီသို့ သွားသောပေတစ်ရာလမ်းမကြီး ဖြစ်ပေါ်လာမည်။ လျှပ်စစ်မီးတွေရောက်ရှိလာမည်” ဟုမိန့်တော်မူခဲ့ရာယနေ့ ဖြစ်ပေါ် နေပါပြီ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိသာသနာတော်ကို အသက်နှင့်ခန္ဓာမငဲ့ညှာပဲမနားမနေကြိုးပမ်းထမ်းဆောင်တော် မူခဲ့သောကျေးဇူးတော်ရှင်သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ်သိက္ခာတော် (၁၂)ဝါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ်ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ (၈.၇.၁၉၇၃ ) အချိန်တွင် ဘ၀သံသရာဝဋ် ဒုက္ခခန္ဓာဇာတ်သိမ်း၍အပြီးတိုင် ချုပ်ငြိမ်းတော်မူခဲ့ပါသည်။ မပုပ်မသိုးသောရုပ်ကလပ်တော်ကို ၃-နှစ် အပူဇော်ခံထားပြီး၊ ပတ္တမြားလုံးအသွင်မျက်ရှင်တော်နှစ်ဆူနှင့် စွယ်တော်တစ်ဆူထားရှိခဲ့ပါသည်။

ဆရာတော်သည် မရမနေစိတ်ဖြင့်ကြိုးစားလျှင်မဖြစ်နိုင်တာမရှိကြောင်းတရားလိုချင်သောသဒ္ဓါတရားသာအဓိကဖြစ်ကြောင်းပြသသွား ခဲ့သည်။ လူဆိုးလူမိုက်ဘဝမှဘုရားပေးသောအမြင့်ဆုံးဘွဲ့ကို ရယူနိုင်သည့်အထိဘဝကိုပြောင်းပြန်လှန်ပြခဲ့သည်။ နောင်လာနောက်သား များ တရားချမ်းသာခံစားနိုင်စေရန်လဲ သဲအင်းဂူပဋိပတ္တိ သာသနာကိုအမွေပေးတော်မူခဲ့ပါသည်။

သဲအင်းဂူဆရာတော် – Myanmar Wikipedia

ဓမ္မ၏အနှစ်သာရများ ( ၁၈၃ ) – Thet Tun

Related Posts