How to make

အသက် ၇၇ နှစ်အရွယ် ဦးမောင်သာနီဟာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ထဲက အနောက်ဖရုံကာကျွန်းရဲ့ အစွန်အဖျားပိုင်းမှာတည်ရှိတဲ့ ကုလားသိမ်ကျေးရွာမှာ နေထိုင်တာဖြစ်ပါတယ်။


ကုလားသိမ်ကျေးရွာမှာ ဆေးရုံ၊ ဆေးခန်း မရှိသလို ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းလည်း မမိပါဘူး။
လမ်းပန်းဆက်သွယ်ရေးကတော့ ကုလားသိမ်ကျေးရွာမှာ နေထိုင်သူတွေ အစဉ်အဆက်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခု၊ စိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပါ။
ဒါကြောင့် လူအများ သွားလာရလွယ်ကူစေဖို့အတွက် ကုလားသိမ်နဲ့ စိုးမဲကျီ ရွာချင်းဆက်လမ်းကို ဦးမောင်သာနီက တစ်ကိုယ်တော် ဖောက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကနေ ဒီလမ်းကို စတင်ဖောက်လုပ်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၁၀ ကျော် ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။
“ကိုယ့်ခွန်အားနဲ့စိုက်ထုတ်ပြီးရင် လူတကာအတွက်၊ ရဟန်းပုဂ္ဂိုလ်တွေအတွက် သာမကဘဲ ကျွဲ၊ နွားတိရိစ္ဆာန်တွေကအစ ဆူးညှောင့်ခလုတ် မထိရစေအောင် စေတနာနဲ့ လမ်းဖောက်လုပ်နေတာဖြစ်ပါတယ်”ဟု ဦးမောင်သာနီက လမ်းဖောက်လုပ်နေတဲ့အကြောင်း ပြောပြပါတယ်။

ဦးမောင်သာနီ ဖောက်လုပ်နေတဲ့ ကုလားသိမ်ကျေးရွာနဲ့ စိုးမဲကျီကျေးရွာချင်းဆက်လမ်းမှာ သွားလာရ အခက်အခဲဆုံးဟာ မတ်စောက်နေတဲ့ ကျောက်တောင်ကြီးတစ်တောင်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီကျောက်တောင်အထိ လမ်းဖောက်လုပ်ဖို့ ဦးမောင်သာနီက ရည်မှန်းထားပြီးတော့ နောက်တချိန်မှာ စိုးမဲကျီရွာကို လွယ်ကူစွာနဲ့ သွားလာနိုင်မယ်လို့ ဦးမောင်သာနီက မျှော်မှန်းထားပါတယ်။
“ဒီတောင်လေးတစ်လုံးကို လမ်းဖောက်လို့ ရလိုက်တာနဲ့ တစ်ဖက်မှာကျတော့ မလိုတော့ပါဘူး။


တစ်ဖက်မှာက လယ်ကွင်းတွေပဲ ရှိပါတော့တယ်။ ဆိုးတာက ဒီတောင်တစ်လုံးပါ”ဟု ၎င်းကဆိုသည်။
ဦးမောင်သာနီ ခွန်အားစိုက်ထုတ်ပြီး ၁၀ နှစ်ကျော်ကြာ ဖောက်လုပ်ခဲ့တဲ့လမ်းဟာ အခုဆိုရင် တောင်နှစ်တောင် ရှိတဲ့အထဲက ကုလားသိမ်ကျေးရွာဘက်အခြမ်းက တစ်တောင်ကို ဖောက်လုပ်ပြီးစီးထားပြီးဖြစ်ပါတယ်။
ဇွဲလုံ့လတို့ အားကောင်းခဲ့တဲ့ ဦးမောင်သာနီဟာ အသက်အရွယ်က စကားပြောလာတာကြောင့် လက်ရှိမှာ ကျန်းမာရေးလည်း ချူခြာစ ပြုလာနေပြီဖြစ်ပါတယ်။
လက်ရှိမှာ တစ်ပိုင်းတစ်စသာပြည့်ဝသေးတဲ့ လမ်းဖောက်လုပ်မဲ့ရည်မှန်းချက်ကို အားမတန်မာန်လျော့ရတော့မယ့် အခြေအနေနဲ့ ဦးမောင်သာနီ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့နှလုံးအိမ်ထဲမှာတော့ လမ်းဖောက်လုပ်မဲ့ရည်မှန်းချက်ဟာ ကိန်းအောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။