ငါ့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ?

ယနေ့ဖတ်မိတဲ့စာ….

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ…..?

ပရီမီယာ ၁ထုပ် ၂၀၀ ဖြစ်သွားပြီတဲ့။၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၅ထုပ်ပဲရတော့တယ်။

အရင်က တနေ့ ၁ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။ ငါ့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ ?

ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။ ငါ့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ ?

ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့်၁ဘူးရတယ်။ ခု ၁၀၀၀ က ရေသန့်ဘူး ၃ပုံ ၁ပုံပဲရတော့တယ်။ ငါ့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ ?

ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက ၄၀၀၀ နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။ ငါ့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ ?

ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။ အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။ ငါ့ဆီ ၅ဝသားဘယ်ရောက်သွားတာလဲ ?

ငါတို့က ဆင်းရဲတာကို။ ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။ အံမယ် မထင်နဲ့ တော့ ။

USA Skincare မှ သုံးတဲ့ ဟိုအမကြီးလဲ အခု စျေးချိုတဲ့ Korea Brand တွေမွှေနှောက်ရှာနေရပြီ။

ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။

ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေ ရှာဝယ်ပေးနေပြီ။

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ ? ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ ?

ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ခံယူထားတဲ့ ငါတို့ အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း မပျင်းမရိ အလုပ်လုပ်တာတောင်ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ ?

စဉ်းစားရင်း …………Chaw Myint

ဒီပို့စ်လေးကို ဖတ်ရင်းတွေးရင်း ရင်ထဲနင့်လာမိတယ်…ကိုယ်နေထိုင်နေတဲ့ တိုင်းပြည်ရဲ့ အခြေနေဟာ ဒီတိုင်းပြည်ထဲမှာ နေနေသူအားလုံးအပြင် ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်ပါတယ်

ကမ္ဘာပေါ်မှာ နေသူအားလုံး ကမ္ဘာပေါ်က ဖြစ်ပျက်မှု့တွေရဲ့ ရိုက်ခတ်မှု့ အကျိုးသက်ရောက်မှု့ကို လက်တွေ့ခံစားနေရတာ ဒီနေ့ကမ္ဘာကြီးပါ..ကိုယ်လုပ်မှ ကိုယ်စားရမှာ လို့ခံယူထားတဲ့ သူများ ကိုယ့်ဟာကိုယ် မေးခွန်းထုတ် အဖြေရှာသင့်ပါပြီ..

သူငယ်ချင်းတို့လည်း အရင်ကနဲ့အခု ကုန်ဈေးနှုန်း ဘာတွေကွာသွားလည်း…ငါ့ဆီက ငါ့ရမယ့်ဟာထဲက(………)တွေဘယ်ရောက်သွားတာလည်း..?ဆိုတဲ့မေးခွန်းလေးတွေ စိတ်ထဲရှိရာမေးပေးခဲ့ကြပါဦိး…

[email protected] Myint